အိန္ဒိယမှာစနေနေ့က အသက် ၂၅ နှစ်အရွယ်အမျိုးသမီးကို မျက်လုံး ခွဲထုတ်လိုက်ရ ပါတယ်…

Posted on

အားလုံးသိထားသင့်တဲ့ ကိုဗစ်နောက်ဆက်တွဲ မှိုအနက်စွဲခြင်းရောဂါ ။

အိန္ဒိယမှာစနေနေ့က မျက်စိဆရာဝန် Dr Akshay ဟာ အသက် ၂၅ နှစ်အရွယ်အမျိုးသမီးကို မျက်လုံး ခွဲထုတ်လိုက်ရ ပါတယ် ။ ဒီအမျိုးသမီး ရဲ့ အသက်ကယ်ဖို့ မျက်လုံးကိုအဆုံးခံခွဲထုတ်လိုက်ရတာဖြစ်ပါတယ်။

Dr Akshay မခွဲခင် အဲ့ဒီခွဲခန်းထဲမှာပဲ နားနှာခေါင်းလည်ချောင်းဆရာဝန်က နှာခေါင်းထဲကိုပြွန်ထိုးသွင်းပြီး မှိုအနက်စွဲနေတဲ့(mucormycosis) တစ်ရှုးတွေကိုဖယ်ထုတ်ပစ်ပါတယ်။ Dr Akshay တို့အလုပ်လုပ်တဲ့ဆေးရုံမှာ ဧပြီတစ်လအတွင်း mucormycosis ဖြစ်သူ အယောက် (၄၀) ခန့်တွေ့ရပြီး အများစုဟာ ကိုဗစ်ဖြစ်ပြီးပြန်ကောင်းလာတဲ့ဆီးချိုရောဂါသည်တွေပါ။ အဲ့ဒီအထဲက (၁၁) ယောက်ကိုမျက်လုံးခွဲထုတ်လိုက်ရပါတယ်။

ဒီရောဂါဟာ ကိုဗစ်နဲ့အတူအိန္ဒိယမှာ အဖြစ်များနေတယ်လို့ဆိုတဲ့အတွက် အားလုံးဗဟုသုတရစေရန်ရေးသားလိုက်ပါတယ်။

▪️အဲ့ဒီ mucormycosis ဆိုတာဘာလဲ

လူရဲ့ကိုယ်ခံအားကျချိန်မှာ ရှားရှားပါးပါးလူကို mucor mould ဆိုတဲ့ မြေကြီး၊ ဟင်းသီးဟင်းရွက်သစ်သီးပုပ်၊ တိရိစ္ဆာန်ချေးတို့မှာတွေ့ရတတ်တဲ့ မှိုအနက်စွဲကပ်ခြင်းပါ။ တကယ်တော့ ကမ္ဘာကြီး ရဲ့သဘာဝဖြစ်စဉ် အရ recycle ဖြစ်အောင် သဘာဝတရားက အော်ဂန်းနစ်ပစ္စည်းတွေကို ပုပ်ဆွေးပြီးမြေကြီးဖြစ်ရာမှာ ကူညီတဲ့ မှိုတစ်မျိုးပါ။ တရားသဘော အတိုင်းကြည့်ရင်တော့ မှိုကသူ့အလုပ်သူ လုပ်တာပါ။

▪️အဲ့ဒီမှိုကဘယ်နေရာတွေကိုစွဲကပ်တတ်သလဲ

နှာခေါင်းအတွင်း၊ ဦးနှောက်နဲ့ အဆုတ်တို့မှာစွဲကပ်ပြန့်ပွားတတ် ပါတယ်။ ဆီချိုရောဂါရှိသူတွေ၊ ကိုယ်ခံအားနည်းရောဂါရှိသူတွေ၊ ကင်ဆာရောဂါသည်တွေမှာ အသက်အန္တရာယ်ရှိပါတယ်။ အမှန်တော့ အဲ့ဒီမှိုမျိုးစေ့ အမှုန်လေးတွေက မြေကြီးပေါ်မှာ လေထဲမှာ လူရဲ့နှာခေါင်းနဲ့ပါးစပ်ထဲမှာ ရှိနေတတ်ပြီးသားပါ။

သာမန်အချိန်မှာလူကကိုယ်ခံအားကောင်းနေတော့ လူကိုမှိုမစွဲပေမယ့် ကိုဗစ်ဖြစ်ပြီးကိုယ်ခံအားကျနေတဲ့အချိန်မှာ အဲ့ဒီမှိုအနက်ကစွဲတဲ့သဘောပါပဲ။

▪️ဘာ့ကြောင့် mucormycosis ဖြစ်တာလဲ

ဖြစ်တဲ့လူအနည်းဆုံး ၅၀ ရာနှုန်းမှာ စတီးရွိုက်ကြောင့်ဖြစ်တယ်လို့ ဆရာဝန်တွေကယူဆကြပါတယ်။ စတီးရွိုက်ဆေးတွေကို ကိုဗစ်အပြင်းအထန်ဖြစ်ပြီး အသက်အန္တရာယ်ရှိတဲ့လူနာတွေမှာ အသက်ကယ်ဖို့သုံးစွဲပါတယ်။ မနှစ်က ဒေါ်နယ်ထရန့်ကိုဗစ်ဖြစ်တုန်းကတောင် စီးရွိုက်ဆေးတွေသုံးစွဲခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့်ဒီစတီးရွိုက်ဆေးတွေကို နားလည်တဲ့ဆရာဝန်ရဲ့အကြံပြုချက်မပါပဲ မသုံးစွဲကြဖို့ မနှစ်ကကျနော်မကြာခဏသတိပေးဖူးပါတယ်။

စတီးရိုက်ဆေးတွေဟာ ကိုဗစ်ရောဂါပြင်းထန်လို့ အဆုတ်ရောင်ရမ်းပြီးပျက်စီးမယ့်အရေးကို တားဆီးရာမှာအကူအညီပေးတာအမှန်ပါပဲ။ သို့သော် အဲ့ဒီစတီးရွိုက်ဆေးတွေဟာ လူရဲ့ကိုယ်ခံအားကိုဖိနှိပ်လျော့ချပြီး ဆီးချိုဝေဒနာရှင်မှာရော ဆီးချိုမရှိသူတွေမှာပါ သွေးထဲမှာသကြားဓာတ်ပမာဏကို တိုးမြင့်လာစေပါတယ်။

အဲ့ဒီအခြေအနေဟာ mucormycosis အကြိုက်တွေ့မယ့် ဖြစ်ဖို့အခြေအနေကိုဖန်တီးလိုက်သလိုပါပဲ။ အထူးသဖြင့် ဆီးချိုရောဂါရှိသူများမှာ ဆီးချိုကကိုယ်ခံအားကိုလျော့စေတယ်၊ ကိုဗစ်ကပိုမိုဆိုးဝါးစေတယ် ၊ အဲ့ဒီလိုအခြေအနေမှာ စတီးရွိုက်ကမီးလောင်ရာကိုဓာတ်ဆီလောင်းလိုက်သလိုဖြစ်သွားစေတာပါ။

▪️အဲ့ဒါဆိုရင် mucormycosis ဖြစ်ရင်ဘယ်လိုရောဂါလက္ခဏာတွေပေါ်တတ်သလဲ

– နှာပိတ်မယ်၊ ပြီးရင်သွေးပုပ်ရောင်/အမည်းရောင်တွေကျဆင်းတတ်တယ်။

– နှာတံရိုးပေါ်မှာအရောင်ပြောင်းတတ်တယ်။

– ပါးရိုးတွေနာမယ်၊ မျက်နှာတစ်ဖက်ပဲနာမယ်၊ ရောင်နေမယ်၊ ထုံနေမယ်။ (အမှန်ကအာ့မျိုးက sinus infection ဆိုဖြစ်လေ့ရှိတယ်။ mucormycosis ကလည်း sinus infection တစ်မျိုးပဲ။ ဒါကြောင့်အဲ့ဒါမျိုးခံစားရတာ)

– သွားတွေချောင်နဲ့လာသလိုခံစားရမယ်။ အပေါ်မေးရိုးလှုပ်သလိုချောင်သလိုခံစားရမယ်။

– စက္ခုအာရုံဝေဝါးမယ်၊ နာကျင်မှုကိုခံစားရပြီး အမြင်နှစ်ထပ်ဖြစ်တတ်တယ်။

– အရေပြားပေါ်မှာအနာကွက်လိုဖြစ်မယ်၊ အရေပြားဆဲလ်တွေသေတဲ့အကွက်ဖြစ်မယ်၊ သွေးကြောလေးတွေပိတ်ပြီး အရေပြားမှာပုံစံပြောင်းတာတွေ့ရမယ်။

– ရင်ဘတ်အောင့်မယ်၊ အဆုတ်ထဲရေဝင်မယ်၊ အသက်ရှုလမ်းကြောင်းရောဂါလက္ခဏာပိုဆိုးလာမယ်။

ကျွမ်းကျင်သူတွေကဘယ်လိုအကြံပေးသလဲဆိုရင် ကိုဗစ်ရောဂါပြန့်ပွားနေချိန်မှာ နှာပိတ်တာအားလုံးကို ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ baterial sinusitis လို့မမှတ်ယူသင့်ဘူးတဲ့။

(အထူးသဖြင့် ကိုယ်ခံအားနဲ့ပတ်သက်တဲ့ရောဂါရှိတဲ့ immunosuppression case တွေရယ် ကိုဗစ်လူနာတွေမှာ immunomodulators ဆေးတွေပေးနေတဲ့ case မျိုးတွေမှာ သတိထားတဲ့)

▪️ ဒါဆိုရင် mucormycosis ကိုဘယ်လိုကုသမလဲ

သင်ဟာအထက်ပါရောဂါလက္ခဏာတွေထဲက တစ်ခုခုတွေ့ရှိရရင် mucormycosis လို့သံသယရှိရင် ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ ပြသပါ။ mucormycosis ဖြစ်ရင်နောက်ဆုံးခွဲစိတ်မှုလိုအပ်နိုင်ပါတယ်။ ဆီးချိုရောဂါရှိသူ နှာပိတ်ရင်သတိထားပါ။ နှာချေရင်၊ နှာရည်ယိုရင် ဂရုစိုက်ပါ။ #ရေနွေးငွေ့ရှုပြီး အတတ်နိုင်ဆုံးနှာခေါင်းပွင့်အောင်လုပ်ပေးဖို့ အရေးကြီးပါတယ်။

အရေးအကြီးဆုံးက – ဆီးချိုကိုထိန်းချုပ်ပါ၊ စတီးရွိုက်သုံးတာလျော့ချပါ၊ immunomodulating drugs တွေသုံးတာရပ်တန့်ပါ။ ဆေးလောကက ဆရာဆရာမတွေအတွက်ကတော့ အောက်ကစာကိုကိုယ့်ဟာကိုယ်သာဖတ်ကြပါ။

To maintain adequate systemic hydration, the treatment includes infusion of normal saline (IV) before infusion of amphotericin B and antifungal therapy, for at least 4-6 weeks.

ကျွမ်းကျင်သူတွေက သွေးချိုမြင့်တက်မှု hyperglycemia ကိုထိန်းချုပ်ဖို့၊ ဆီးချိုလူနာမှာရော ကိုဗစ်ကုသမှုပြီးတဲ့လူနာမှာပါ သွေးချိုပမာဏကိုမပြတ်စစ်ဆေးနေဖို့၊ စတီးရွိုက်ကို “လိုအပ်တဲ့အချိန်မှာ – လိုအပ်တဲ့ပမာဏကို – လိုအပ်တဲ့အချိန်တစ်ခုအထိပဲသုံးဖို့” အကြံပေးပါတယ်။

ဒါ့ကြောင့်မြန်မာပြည်မှာ စတီးရွိုက်ဆေးတွေကိုလမ်းဘေးမှာအလွယ်တကူဝယ်လို့ရနေပြီး အတိုင်းအဆမသိပဲ “ဆရာမနိုင်-ဒက်ဆာကိုင်” လုပ်နေကြမှာကို မလုပ်ကြဖို့ ခဏခဏသတိပေးရတာဖြစ်ပါတယ်။

mucormycosis ကုသရေးမှာ microbiologists, internal medicine specialists, intensivist neurologist, ENT specialists, ophthalmologists, dentists, surgeons (maxillofacial/plastic) and others အားလုံးလိုအပ်ရင် team တစ်ခုအနေနဲ့ပါဝင်ဖို့လိုပါတယ်။

▪️ mucormycosis ကုသပြီးချိန်မှာ ဘယ်လိုနေထိုင်စားသောက်ရမလဲ

mucormycosis ဖြစ်ပြီးရင် အပေါ်မေးရိုးဆုံးတတ်တယ်၊ မျက်လုံးပါဆုံးတတ်တယ်။ အဲ့ဒီတော့ အပေါ်မေးရိုးဆုံးတာနဲ့ အစာကိုဝါးစားဖို့ခက်မယ်၊ အစာရေစာမျိုရတာခက်ခဲမယ်၊ ရုပ်ရည်ပြောင်းလို့စိတ်ဓာတ်ကျမယ်။ အဲ့ဒီမှာစိတ်ဓာတ်မကျပဲ ဘဝကြီးကို လှေခွက်ချည်းကျန်အလံမလှဲ အရှုံးမပေးပဲရင်ဆိုင်ဖို့လိုမယ်။

မျက်လုံးတစ်လုံးဆိုပါစို့ နောက်တစ်လုံးရှိနေသေးတာပဲ။ အပေါ်မေးရိုးဆုံးတယ်ဆိုပါစို့ မေးရိုးတုအစားထိုးနိုင်သေးတယ်။ မျက်လုံးလည်းအဲ့လိုပဲ ပုံပျက်မှာစိုးရိမ်ပြီး စိတ်ဓာတ်မကျဖို့ပြောတာ။ လူတစ်ယောက်ရဲ့တကယ့်အလှတရားက နှလုံးသားပေါ်မှာပဲတည်တာ။

အရပ်ပုပြီးလူစဉ်မမီရင်၊ မျက်နှာပုပ်ရင်တော့ သတိထားရတတ်တယ်။ အကြံကြီးတယ် ဘယ်သူတေတေငါတေမှာပြီးရောလုပ်တတ်တယ်။ ဘာတွေတွေးနေတာလဲ ဂျပုဆိုလို့ နပိုလီယံကိုပြောတာ။

အဲ့ဒီ mucormycosis ကြောင့်ခွဲစိတ်ခန်းဝင်ရအပြီးမှာ လူနာက panic ဖြစ်ပြီး စိတ်ဓာတ်ထိုးဆင်းသွားမှာ သတိထားရမယ်။ ဘယ်လိုပဲဖြစ်ဖြစ်လေ mucormycosis ကြောင့်အသက်မသေပဲ ခွဲစိတ်လို့အသက်ရှင်သေးတာကို အကောင်းဘက်ကတွေးမြင်တတ်ရမယ်။ အသက်ရှင်ပေမယ့် အရပ်ပုစိတ်ထားပုပ်ပြီး မသေခင်ကတကိုယ်လုံးပုပ် နေတာတတ် စာရင်တော့ မြတ်သေးတယ်လို့တွေးရမယ်။

▪️ mucormycosis မဖြစ်အောင်ဘယ်လိုနေထိုင်ရမလဲ

mucormycosis ဟာ ဖြစ်တာရှားတဲ့ရောဂါမျိုးဆိုတာပြောပြီးသား။

သို့သော် … ဆီးချိုဝေဒနာရှင်တွေ၊ စတီးရွိုက်သုံးနေရသူတွေ၊ ICU ထဲမှာကြာကြာနေခဲ့ရသူတွေ၊ ကင်ဆာရောဂါရှင်တွေ၊ ကိုယ်အင်္ဂါအစားထိုးကုသထားသူတွေမှာ အထူးဂရုပြုစေချင်တယ်။ ဖုံမှုန့်ထူထပ်တဲ့နေရာသွားရင်၊ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေသွားရင် mask ဝတ်ထားသင့်တယ်။

ဥယာဉ်ထဲမှာ မြေကြီးကိုင်၊ ရေညှိတို့ နောက်ချေးတို့ဘာညာကိုင်တွယ်ရင် လက်အိတ် ၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ လုံခြုံတဲ့ဖိနပ်တို့ဝတ်သင့်တယ်။ ပြီးရင်ကျနော်လုပ်သလို တကိုယ်လုံးနှံ့အောင် ဆပ်ပြာနဲ့သေချာပွတ်တိုက်ဆေးကြောသင့်ပါတယ်။ အလဲ့ … ကြေညာဝင်တာ။

ဒီလောက်ဆိုရင် သာမန်ပြည်သူတွေအဖို့ mucormycosis အကြောင်း အထိုက်အလျောက်သိလောက်ပြီလို့ထင်ပါတယ်။

Richard Myo Thant 11-May-2021

Leave a Reply

Your email address will not be published. Required fields are marked *